မပြောင်းလဲသော ဝသီ

Posted on

“မပြောင်းလဲသော ဝသီ”(စ/ဆုံး)

——————————–
ကျွန်မတို့လမ်းထဲရှိ ကုန်စိမ်းဆိုင်တစ်ဆိုင်က အမျိုးသမီးတစ်ဦးသည် ယခင်ကကုန်စိမ်းမရောင်းခင်က ရာသီစာ သစ်သီးဝလံများကိုသာရောင်းသောသူဖြစ်သည်။
သူမသည် သီရိမင်္ဂလာစျေးသို့ ဖရဲသီး နာနတ်သီးနှင့် အခြားသော သင်္ဘော သရက် မာလကာ ဆီးသီး စပျစ်စသည်တို့ကို သေတ္တာလိုက်ခြင်းလိုက်သွားယူကာရောင်းချသောသူဖြစ်သည်။
သူမသည် အမြဲတစေ မျက်နှာအပြောင်နှင့် နေကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ဖလန်ထည်အနွေးထည် တစ်ထပ်ကို အမြဲထပ်ဝတ်လျှက် ဆံပင်ကိုနဖူးပြောင်သိမ်းကာဘီးကြမ်းဖြင့်ဆံပတ်ပတ်ထားလျှက်ရှိသည်။

ကျွန်မအိမ်အပိုင်မရှိခင်က..ထိုအမျိုးသမီးနှင့်..အဆောင်တစ်ခုထဲငှားနေခဲ့ရသည်။

အမျိုးသမီးသည် ကျွန်မအခန်းကိုကျော်သွားမှရောက်သော ရေချိုးခန်းနှင့်အိမ်သာသို့တစ်ခေါက်သွားတိုင်း တစ်ခါဝင်နားလျှက်..သူ့မိသားစုအကြောင်းအမြဲ ညီးညူပြောဆိုလျှက်ရှိသည်။

“အစ်မကြီးရယ်…ညီမလေးယောကျ်ားကလေ..အမြဲအချိန်ပြည့်နည်းပါးအရက်ပဲသောက်နေတာ..ခိုင်းရင်တော့လုပ်ပေးပါရဲ့…ဒါပေမဲ့..အရက်ပဲမူးနေတော့..အလုပ်ကမတွင်ဘူး…ဒီကြားထဲ အရက်ကတအားလွတ်အောင်သောက်မိသွားရင်ညီမလေးကိုလိုက်လိုက်ရိုက်သေးတယ်”

တကယ်လည်းဟုတ်သည်..သူမယောကျ်ားကအရက်ကိုလွတ်အောင်သောက်မိသွားသောနေ့တွေဆိုသူမကိုလိုက်ရိုက်တတ်သည်။အဲ့အခါ..သူမသည်..ကျွန်မအခန်းအားပြေးဝင်ကာ..အစ်မကြီးရေ..လုပ်ပါဦး..အစ်မကြီးပြောရင်အစ်မကြီးမောင်ကနားထောင်တယ်..ညီမလေးကိုလိုက်ရိုက်နေပြန်လို့…”ဆိုကာ..ကျွန်မကိုအကူညီတောင်းတတ်သည်။

ကျွန်မလည်းသူလိုအခန်းငှားနေထိုင်သူ..သူတို့လည်းအခန်းငှားနေထိုင်သူခြင်းအချင်းချင်း..သူမကကျွန်မကိုဘာတွေအထင်ကြီးသည်မသိ။ကျွန်မဆီခဏတဖြုတ်အလည်လာကာထိုင်စကားပြောမိတိုင်း…”အစ်မကြီးကမှတော်ပါသေးတယ်..အဆင်ပြေနေလို့..ညီမလေးတို့မှာလေ…သားသမီးကနှစ်ယောက်ရှိတယ်..သားအငယ်က၆တန်း..သမီးအကြီးကသူ့အိမ်ထောင်နဲ့သူ…ခုထိညီမလေးတို့မှာမပြေလည်ဘူး…စီးပွားရေးကို..ခုအစ်မကြီးမြင်တဲ့အတိုင်း..ညီမလေးကချည်းဦးစီးရတယ်..အစ်မကြီးမောင်ကအရက်ပဲသောက်ဖို့သိတာ..”

“ညီမလေးရယ်… လူတိုင်း ဒီလိုပါပဲ အစ်မကြီးလည်း..သမီးအငယ်နဲ့နှစ်ယောက်ထဲလို့သာညီမလေးမြင်နေတာ..တကယ်ဆိုအစ်မကြီးမှာသားတွေလည်းရှိနေသေးတယ်..သားတွေကအဝေးမှာသူတို့လစာနဲ့သူတို့တောင်အနိုင်နိုင်မို့..အစ်မကြီးမှာ….ကိုယ့်အားပဲကိုယ်ကိုးနေရတယ်..”

“””အစ်မကြီးက..ဘာအလုပ်လဲဟင်”

“အစ်မကြီးကစာရေးတယ်လေ..စာလည်းရေး..ဗေဒင်လည်း ဟောတယ်..ခု..အဲ့ဒါ လေးနဲ့အစ်မကြီးတို့သားအမိလေးစားနိုင်နေနိုင်နေတာပေါ့”

“”ဘယ်လောက်ရသလဲ””

အဲ့တုန်းက စာတစ်ပုဒ်မှ၂၀၀၀၀ အပြင်မရ။
တစ်လကို..တစ်ပုဒ်နှစ်ပုဒ်ပင်နပ်မမှန်။
ဗေဒင်ကလည်း..ရင်းနှီးသူများလောက်သာ..fb မက်ဆင်ဂျာကနေလာလာမေးကြ၍..တစ်လတစ်လမှ..သားအမိနှစ်ယောက် စားနိုင်သောက်နိုင်ရုံ။

သို့သော် ကျွန်မက..မနက်မိုးလင်းတာနှင့်..စောစီးနိုးကာ..အဆောင်ပတ်ဝန်းကျင်တံမြက်လှည်းပြီးပြီ။အိမ်သာရေထည့်ပြီးပြီ။ရေချိုးခန်းအားဆေး​ကြောပြီးပြီ။ရောက်စက..ကျွန်မဒီအလုပ်တွေလုပ်နေ၍..ထိုအမျိုးသမီးက ကျွန်မအားအဆောင်ပိုင်ရှင်ထင်နေသေး၏။ပိုင်ရှင်မဟုတ်တောင်ပိုင်ရှင်နှင့်ဆွေမျိုးနီးစပ်ထင်နေသည်ဟုပြောဖူးသည်။ဘာလို့ဆို…အများသုံးအိမ်သာ၊ရေချိုးခန်းနှင့်..အဆောင်စင်္ကြန့်လမ်းတစ်လျှောက်တံမြက်လှည်းကာ..အခန်းတွေရှေ့ဖိနပ်မှောက်နေတာတွေ့ရင်တောင်ပြန်လှန်ပေးသူကိုး။

ကျွန်မက..ကျွန်မဝင်ငွေပုံမမှန်ကြောင်းပြောသော်လည်းထိုအမျိုးသမီးပုံစံကမယုံ။

ကျွန်မက..အဆောင်တစ်ခုလုံးသန့်ရှင်းပြီးသွားသည်နှင့်ရေချိုးကာ..သနပ်ခါးကိုခြေအဆုံးခေါင်းအစလူးပြီး..အဝတ်ကိုအိမ်နေဝတ်တောင်မီးပူတိုက်ကာ..သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ပြီးစျေးကိုသွားသည်။သူမဆိုင်ရှေ့ကဖြတ်ရသည်။နှုတ်ဆက်ရသည်။သူမသည်။ကျွန်မအား..အစ်မကြီးကိုအားကျလိုက်တာ..အမြဲလှပကျော့ရှင်းနေတာပဲ..ဟူ၏။

ရင်းနှီးလာ၍အသက်မေးကြည့်တော့..သူမနှင့်ကျွန်မက..လပဲကွာသည်။သူမအမျိုးသားက..ကျွန်မထက်နှစ်ကြီးသေးသည်။သို့သော်..ကျွန်မအား..သူမတို့လင်မယားကျွန်မအားရိုသေကြသည်။အစ်မကြီးဟုပဲခေါ်ကာ

သူတို့လင်မယားရန်ဖြစ်၍..ရိုက်ကြနှက်ကြတိုင်း..ကျွန်မဆီပဲပြေးလာကာတိုင်သည်။သူမအမျိုးသားကလည်း..ကျွန်မအားအရက်သာမူးသော်လည်းကျွန်မက..တော်တော့မောင်လေးပြောရင်ချက်ချင်းရပ်၏။

အံမယ်..သူကလည်း တိုင်တောတတ်၏။အစ်မကြီးညီမက..ကျနော့ကိုဘယ်လိုခိုင်းတာ..ဟင်းချက်ခိုင်းလို့ချက်ပေးရသေးတယ်..ဟင်းကမနူးတာနဲ့စပ်တယ်ဆိုတာနဲ့အပြစ်အမြဲပြောတာအစ်မကြီးရဲ့…ဟူ၏။

ထားပါတော့.. လိုရင်းဆက်ရလျှင်

ကျွန်မတို့သိခဲ့ကြသည့်၃နှစ်အတွင်း
သူမယောကျ်ားလည်းဆုံးပါးသွားပြီဖြစ်သည်။

သူမလည်းထိုအဆောင်မှာသူ့သမီးလင်မယားခေါ်ကာအတူနေထိုင်နေတုန်းဖြစ်သည်။
သစ်သီးဝလံရောင်းချရာက..ခုတော့ကုန်စိမ်းပါဖြည့်၍ထပ်တိုးရောင်းသည်။

သူမဆီစျေးဝယ်တိုင်း
အရင်လိုသူမယောကျ်ားအကြောင်းသူမမှာတိုင်စရာမရှိတော့သည့်အခါ..ကျွန်မအားစျေးရောင်းရင်း…နေပူတာကိုအပြစ်ပြောဆိုသည်။

အစ်မကြီးရေ.။..ဒီလောက်နေပူပုံမျိုးနဲ့..လူတွေငတ်သေကုန်ကြတော့မှာပဲ။

မိုးရွာရင်လည်း

အစ်မကြီးရေ..ဒိလောက်မိုးတွေဆက်တိုက်ရွာနေမှ..ဘာတွေလုပ်စားလို့ရတော့မတုန်းအစ်မကြီးရယ်..လူတွေငတ်သေကုန်ဖို့ပဲရှိတော့တယ်…ဟူ၏။

ရာသီဥတုသာယာပြန်တော့လည်း။
သူမကုန်စိမ်းတွေရှုံးလို့..ကားသမားတွေဆီစျေးတွေတက်လို့ကားခတွေစျေးကြီးလို့ကုန်စိမ်းတွေအရင်လိုဒိုင်ကစျေးမချပေးလို့…အစ်မကြီးရေ…လူတွေအကုန်ငတ်သေအောင်လုပ်နေကြတာအစ်မကြီးရေ။

ကျွန်မသည်အစောက…သူ့အားညီမလေးရေ..အဲ့လိုအဆိုးချည်းမပြောနဲ့..အကောင်းမပြောနိုင်ရင်တောင်အဆိုးမပြောနဲ့ကွယ်…ဟု..ပြောဖူးသော်လည်း..ကျွန်မစကားတိုးမပေါက်နိုင်။နောက်တော့ ကျွန်မလည်းမပြောတော့။

စျေးတော့.သူ့ဆီတမင်ဝယ်ကာအားပေးပါသည်။ဘာလို့ဆို..တစ်ခြားသူရောင်းသည့်ကုန်စိမ်းထက်သူ့ကုန်စိမ်းကစျေးပိုကြီးသလိုလတ်ဆတ်မှူလည်းအားနည်းပေမယ့်..သူမကိုရင်းနှီးခဲ့ဖူးသောအရှိန်နှင့်အားပေးနေခြင်းပင်။

သူမသည်..ဘယ်အချိန်တွေ့တွေ့..အထ​က်မှာကျွန်မပြောခဲ့သလိုပုံစံလည်းမပြောင်းမူလည်းမပြောင်း။

စျေးထိုင်ရောင်းရင်လည်းငေးငေးမောမောနှင့်..ယင်မလာအောင်ခြောက်သော..ရေထုတ်လေးအားကြိုးဆွဲထားသည်ကိုလ​က်တစ်ဖက်ကလှုတ်လှုတ်ပေးရင်း…ကျွန်မသူ့ဆီစျေးဝင်ဝယ်သည်နှင့်…အထက်ပါညည်းချင်းအား..တန်း၍ညည်းတတ်လေသည်။တစ်နေ့တော့..သူမနှုတ်ဖျားက..ကျွန်မ အား..”အစ်မကြီးရေ…စျေးတွေရောင်းမကောင်းလို့..အစ်မကြီးကဗေဒင်ဆရာမဆိုတော့..ညီမလေးကိုစျေးရောင်းကောင်းအောင်အဆောင်လေးဘာလေးပေးပါဦး..ညီမလေးမှာတဖြေးဖြေးအရင်းတွေလည်းပြုတ်၊ ရွာကအိမ်နဲ့ဝိုင်းလေးလည်းပြုတ်၊ ခုထိအိမ်ငှားဘဝကလည်းမတက်နဲ့အစ်မကြီးရယ်…”

ကျွန်မကသူ့နှုတ်ဝသီအကြောင်းပြောပြချင်ပါသော်လည်း..သူမကဟုတ်ကဲ့ဟုသာဖြေပြီး..ပြင်ရမည်မှန်းမသိသောသူမအား..အဘယ်သို့သောနည်းဖြင့်အဆောင်ပေးရမည်မှန်းမသိ။

ဗေဒင်သာဟောသော်လည်း..အဆောင်ဘာညာထက်..အကျင့်တွေအမူအကျင့်တွေသာပြောင်းခိုင်းချင်ခဲ့သောသူမို့. ဘာအဆောင်မှလည်းမပေးတတ်။

သို့သော်..သူနှင့်ကိုက်ညီမည့်အရာအား..မည်သို့ပေးရမည်မှန်းရုတ်တရက်မစဥ်းစားမိသောအခါ

ကျွန်မပြုလုပ်နေကျအလေ့အကျင့်တစ်ခုအား..သူမအားလိုက်နာမလားဟုမေးလိုက်သည်။

“ဘာအကျင့်လဲ..အစ်မကြီး..”

နေပူပူမိုးရွာရွာ အမြဲလို..အပေါ်ယံဖလန်ထည်ကြီးဝတ်ဝတ်ပြီးနေမကောင်းနေသည့်ပုံလိုမပြုတော့ဖို့။

နောက်တစ်ခုက

ညဘက်အိပ်ဝတ်သည့်အဝတ်အစားအား..မနက်လင်းသည်နှင့်..ရေချိုးချိုးမချိုးချိုး..ချက်ချင်းချွတ်လဲဖို့။

နောက်တစ်ခုက

အမြဲလိုအဆိုးစကားသာညည်းညူ၍ပြောကျင့်ရှိသောသူမအား..မြတ်စွာဘုရား၏
“သုဂတော “ဂုဏ်တော်အားတစ်နေ့ထဲအပြီး..နေ့စဥ်၁၀၀၀ကနေ၁၀၀၀၀ အထိရွတ်ပူဇော်ဖို့။

သူမကိုတော့..အဆိုးစကားပြောကျင့်ဖျောက်ဟုတော့ကျွန်မမပြော။..ထိုမြတ်စွာဘုရား၏သုဂတောဂုဏ်တော်သာတစ်နေ့တစ်နေ့ကို၁၀၀၀ရ ရင်၁၀၀၀ ဒီထက်ပိုတတ်နိုင်ပါက..၁၀၀၀၀ သာရွတ်..ထူးကိုထူးမည်ဟုပြောခဲ့လိုက်သည်။

ဒါတောင်..သူမက…အစ်မကြီး အဲ့လိုရွတ်ရင် တကယ်စျေးရောင်းကောင်းမှာလား

“အေး….”

“ချဲရော..ပေါက်မှာလား”

“အင်း”

“နှစ်လုံးရော…အစ်မကြီး”

“အေးဟေ့…ပေါက်မှာ..”

သို့နှင့်တစ်လခန့်အကြာ

“အစ်မကြီးရေ…အစ်မကြီးပြောတာမှန်တယ်တော့်…ညီမလေးခု..နှစ်လုံး တွေဆက်တိုက်ပေါက်ပြီးစျေးလည်းရောင်းကောင်းလာတယ်.”.ဟူသတတ်။

သို့သော် နောက်ဆက်တွဲစကားက

“”နှစ်လုံးတွေပေါက်..စျေးတွေရောင်းကောင်းလာပြန်တော့…ဆီစျေးက..တက်ကောင်းတုန်းအစ်မကြီးရေ…အစ်မကြီးပေးတဲ့အဆောင်က…ဆီစျေး..တက်မရအောင်လုပ်မရတော့ဘူးလား..ဒီလိုသာဆို..လူတွေအကုန်ငတ်သေကုန်မှအစ်မကြီးရေ..””.ဟူ၏။
😰😰

===================================

စာရေးသူ ကျွန်မ၏အာဘော်..

“”” ဒီဖြစ်ရပ်လေးသည် လူတစ်ယောက်ရဲ့ “စရိုက်” (Habitual Behavior) နဲ့ “ဝသီ” (Tendency) ဟာ ဘယ်လောက်အမြစ်တွယ်နေတတ်သလဲဆိုတာကို ကောင်းကောင်းကြီး မီးမောင်းထိုးပြချင်ခဲ့တာပါ။
​ကျွန်မပေးလိုက်တဲ့ “အဆောင်” က တကယ်တော့ ဗေဒင်ပညာထက် ပိုနက်ရှိုင်းတဲ့ “စိတ်ပညာနဲ့ စွမ်းအင်ပြုပြင်ခြင်း” (Energy Shifting) ပဲ ဖြစ်ပါတယ်။
​၁။ အဝတ်အစားနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု
​နေမကောင်းသလိုလို ဖလန်ထည်ကြီး အမြဲဝတ်ထားတာက “ငါဟာ နာကျင်နေရသူပါ၊ ငါဟာ ရုန်းကန်နေရသူပါ” ဆိုတဲ့ Negative Energy (အဆိုးစွမ်းအင်) ကို ကိုယ့်ကိုယ်ကိုယ်ရော၊ ဝယ်သူတွေကိုရော အမြဲထုတ်လွှတ်နေတာပါ။ ကျွန်မကအဝတ်အစားလဲခိုင်းလိုက်တာဟာ သူ့ရဲ့ Subconscious Mind (မသိစိတ်) ကို “ငါဟာ လန်းဆန်းနေပြီ၊ ငါဟာ အလုပ်လုပ်ဖို့ အသင့်ဖြစ်ပြီ” လို့ ပြန်လည် Program ရေးဆွဲပေးလိုက်တာပါ။
​၂။ ဂုဏ်တော်ပွားများခြင်းရဲ့ လျှို့ဝှက်ချက်
​”သုဂတော” ဂုဏ်တော်က ကောင်းသောစကားကို ဆိုခြင်း၊ အဓိပ္ပာယ်တွေ ဆောင်ပါတယ်။ သူမကို အဆိုးမပြောနဲ့လို့ တားရင် သူက တားလေ ပြောလေ ဖြစ်နေမှာပါ။ ဒါကြောင့် အဆိုးပြောမယ့်အစား “ပါးစပ်ကို ဂုဏ်တော်နဲ့ အလုပ်ပေးလိုက်တာ” က အလွန်ပညာသားပါပါလုပ်ပေးလိုက်တာပါ ။ ဂုဏ်တော်ရွတ်နေတဲ့အချိန်မှာ အဆိုးညည်းဖို့ အချိန်မရှိတော့သလို၊ ဂုဏ်တော်ရဲ့ အေးချမ်းမှုက သူ့ရဲ့ တင်းမာနေတဲ့ စိတ်ကို လျှော့ချပေးလိုက်တာပါ။
​ဒါပေမဲ့… “ဝသီ” ဆိုတာက ပြင်ရခက်လှပါတယ်
​နောက်ဆုံးမှာ ဆီဈေးကို ထပ်ညည်းပြန်တယ်ဆိုတော့ သူမရဲ့စိတ်က “အဆိုးမြင်ခြင်းမှာ သာယာနေတဲ့စိတ်” (Victim Mentality) ဖြစ်နေတာပါ။ ဘယ်လောက်ပဲ အဆင်ပြေပြေ၊ ညည်းတွားစရာ တစ်ခုခုကို မတွေ့တွေ့အောင် ရှာတတ်တဲ့ အကျင့်တစ်ခုပါပဲ လို့ပြောရင်း..ကျွန်မ ဤဆောင်းပါးဝတ္ထုအားအဆုံးသတ်ပေးလိုက်ပါသည်။
ကျွန်မ၏စေတနာကို ယူလိုသောသူတိုင်းရ၏။

#ဆုပြည့်ရတနာ #ဗေဒင်နှင့်လက္ခဏာ #ဆောင်းပါးရသများ

Leave a Reply

Your email address will not be published. Required fields are marked *